ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ
ကြားကာလပညာသင်ကြားရေးအစီအစဉ်များ
ခေတ်အဆက်ဆက် အာဏာရှင်များနှင့် စစ်အာဏာရှင်တို့သည်နိုင်ငံကို အဘက်ဘက်မှ ဖိနှိပ်ချုပ်ချယ်မှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ဖြစ်ထွန်းစ ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုဖျက်ဆီးကာ ၂၀၂၁ ဖေဖေါ်ဝါရီလမှစ၍ စစ်အာဏာရှင်တစ်စုက အကြမ်းဖက် တရားမဲ့ အာဏာသိမ်းခဲ့မှုကြောင့် မြန်မာ့ပညာရေးသည်လည်း နှောင့်နှေးမှုများဖြစ်ခဲ့ရသည်။ မိဘပြည်သူများနှင့် ကျောင်းသားကျောင်းသူများအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရပါသည်။ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးမှ ဝိုင်းဝန်းကန့်ကွက် ဆန့်ကျင်ခဲ့ကြသည်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီမှ နိုင်ငံကိုအေးချမ်းဟန်ဆောင်ကာ ကျောင်းများဖွင့်လှစ်ခဲ့သော်လည်း ဆရာ၊ဆရာမအများအပြားနှင့် နိုင်ငံအဝန်းမှ ကျောင်းသား၊ ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော်သည် မိမိတို့၏ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် CDM လှုပ်ရှားမှု့တွင် ပူးပေါင်းပါဝင်ကာ ၄င်းတို့ဖွင့်လှစ်သော ကျောင်းများတွင် စာသင်ကြားခြင်း၊ စာရင်းသွင်း တက်ရောက်ခြင်းများ မပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် CDM ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်ဆက်မပြတ် ပညာရေးများ ဆက်လက် သင်ယူခွင့်ရရန် ဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားများအပြင် ပညာရေးအသိုင်းအဝိုင်းနှင့် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီး၏စုပေါင်းညီညွတ်သောအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ပညာရေးဝန်ကြီးဌာန၏ ကဏ္ဍကြီး (၄) ရပ်ဖြစ်သော အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေး၊ သက်မွေးပညာရေးနှင့် ဆရာအတတ်သင်ပညာရေးကဏ္ဍအားလုံးတွင် Online သင်ကြားရေးသာမက၊ မြေပြင်သင်ကြားရေးလုပ်ငန်းများပါ စတင်ဆောင်ရွက်နိုင်နေပြီ ဖြစ်ပါသည်။
စတင်ဖွင့်လှစ်မည့်သင်တန်းများ
၁
မိဘပြည်သူများ၊ ကျောင်းသူ ကျောင်းသားများပါ၀င်လေ့လာသင်ယူနိုင်မည့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် အခြားသော ဘာသာရပ်ပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများ
၂
မဟာဘွဲ့နောက်ဆုံးနှစ် (ဒုတိယပညာသင်နှစ်ဝက်) သင်တန်းများ
၃
တတိယနှစ်ဂုဏ်ထူးတန်းနှင့် မဟာအရည်အချင်းစစ်နောက်ဆုံးနှစ်သင်တန်းများအပါအဝင် ဘွဲ့ကြိုနောက်ဆုံးနှစ် (ဒုတိယပညာသင်နှစ်ဝက်) သင်တန်းများ။
၄
ကောလိပ်ဒုတိယနှစ်သင်တန်းများ
၅
တက္ကသိုလ်ဝင်တန်းအောင်လူငယ်များ လေ့လာသိရှိနိုင်ရန်အတွက် တက္ကသိုလ်ပညာရေး မိတ်ဆက်သင်တန်းများ၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် သိသင့်သော သင်ခန်းစာများ၊ သက်မွေးဝမ်းကျောင်း ပညာရပ်များ၊ ICT အသုံးပြုမှုများ၊ ဘာသာစကားသင်တန်းများ၊ သုတေသနလုပ်ထုံးအခြေခံများစသည်ဖြင့် ကို မိတ်ဆက် သင်ကြားပေးသွားမည်ဖြစ်ပြီး မိမိတို့အမှန်တကယ် စိတ်ပါဝင်စားသော ပညာရပ်များကို ရွေးချယ် သင်ယူနိုင်မည့်သင်တန်းများ (တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ လက်ခံမည့်နေ့ရက်နှင့် တက္ကသိုလ်၀င်ခွင့် လမ်းညွှန်ကို ထပ်မံထုတ်ပြန် ကြေညာသွားမည်ဖြစ်ပါ သည်။)
သင်ကြားရေးပုံစံ နှင့် သင်တန်းအပ်နှံခြင်း
၁
Online learning နှင့် Offline learning ပုံစံ ၂ မျိုးစလုံးဖြင့် မိမိရောက်ရာနေရာမှ လေ့လာသင်ယူ သွားနိုင်မည်ဖြစ်သည်။
၂
မဟာဘွဲ့နောက်ဆုံးနှစ်နှင့် ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း အပါအဝင် ဘွဲ့ကြိုနောက်ဆုံးနှစ်သင်တန်းများမှ ဒုတိယပညာသင်နှစ်ဝက် ကျောင်းသား ကျောင်းသူ များသည် ပညာရေးဝန်ကြီးဌာန၏ website တွင် သတ်မှတ်ထားသော Online registration form တွင် သင်တန်းအပ်နှံ ရမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန ကျောင်းသားကျောင်းသူများအား ကိုယ်ပိုင် ကျောင်းသားအမှတ် (Student ID Code)များ ပြန်လည်ပေးပို့ သွားမည်ဖြစ်သည်။
၃
မိမိတို့ ကိုယ်ပိုင်ကျောင်းသားအမှတ် (Student ID Code) များဖြင့် ပညာရေးဝန်ကြီးဌာန၏ website/Moodle Learning PLatform တွင်
(က) သင်ခန်းစာများကို ဝင်ရောက်လေ့လာြခင်း၊ download ရယူခြင်း
(ခ) Online သင်တန်းနှင့်သက်ဆိုင်သော ZOOM သင်တန်းရက်များနှင့် သတင်းအချက်အလက်များ ရယူခြင်း (online အင်တာနက် မရရှိသောသူများကို သက်ဆိုင်ရာ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီများနှင့် အခြားသော နည်းလမ်းများဖြင့် ပို့ဆောင်သွားမည်ဖြစ်ပါသည်။)
(ဂ) ကျောင်းသားကျောင်းသူများသည် ပေးအပ်ထားသော Assignment များနှင့် ကျောင်းသင်ခန်းစာ တာဝန်များကို သက်ဆိုင်ရာသင်တန်းအလိုက်သတ်မှတ်ထားသော Email Addresses များသို့ ပေးပို့သွားရမည်ဖြစ်သည်။
ကျန်ရှိသောပညာသင်နှစ်သင်တန်းများ
ကျန်ရှိသောပညာသင်နှစ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ထိုသင်တန်းများမှ ကျောင်းသူကျောင်းသား များအနေဖြင့် ယခုကြားကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနမှ စီစဉ်သော Public Lecture များတွင် သင်ယူ လေ့လာနိုင်ပါသည်။ ထို့အပြင် သက်မွေးပညာရပ် များနှင့် အခြားသော ပညာရေး အစီအစဉ်များ တွင်လည်း ပါဝင် လေ့လာသွားနိုင်ရန် စီစဉ်သွားမည်ဖြစ်ပါသည်။ Public Lecture များသည် မည်သူမဆိုတက်ရောက်သင်ကြားနိုင်သည့် သင်တန်းများဖြစ်ပြီး Facebook နှင့် YouTube တို့တွင်လည်း တိုက်ရိုက်ထုတ်လွင့်သွားမည်ဖြစ်သည်။
ပညာရပ်ဆိုင်ရာ Public Lecture များ
၁
How to Get Clean Water in Emergency
Simple Water Treatment and Safe Storage
၁၂ ဇွန်လ၊ ၂၀၂၁ခုနှစ်
၂
Constitutionalism and Federalism
(Lecture Series)
၁၂ ဇွန်လ၊ ၂၀၂၁ခုနှစ်
မှတ်ချက်။ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး၊ လူအခွင့်အရေးနှင့် ဘာသာရပ်ဆိုင်ရာ Public Lecture များကိုလည်းပြည်တွင်းပြည်ပပညာရှင်များဖြင့် ထပ်မံပို့ချသွားမည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။ သင်တန်းအစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၏ website နှင့် Facebook တို့တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။