အခြေခံပညာကဏ္ဍ
ကြားကာလပညာရေးအစီအစဉ်
အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် အနာဂတ်အတွက် တန်ဖိုးရှိသော လူငယ်မောင်မယ်များ၏ ပညာသင်ကြားသင်ယူခွင့် ဆက်လက်ရရှိစေပြီး စဉ်ဆက်မပြတ်ပညာရေးရရှိစေရန်အတွက် ဆရာဆရာမ၊ ကျောင်းသူကျောင်းသားများ၏ စုပေါင်းညီညွတ်သောအားဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ အခြေခံပညာရေး၊သက်မွေးပညာရေးနှင့် အဆင့်မြင့်ပညာရေးများကို စတင်၍ ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပညာဆက်လက် သင်ယူခွင့်ရရန်အတွက် ကြားကာလပညာရေးကို ဇွန်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့်ရရှိနိုင်ရန် ခက်ခဲနေသူများအားလုံးကိုလည်း အထူးအစီအစဉ်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ပေးမည် ဖြစ်ပါကြောင်းကို လေးလေးနက်နက် အာမခံချက်ပြုပါသည်။
ပူးပေါင်းပါဝင်ကူညီကြသူများအားလုံးနှင့် ကြားကာလပညာရေးအစီအစဉ်အတွက် သင်ကြားသင်ယူသူများ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝမ်းမြောက်ဂုဏ်ပြုလျက် မှတ်တမ်းတင် ထားရှိပြီး တစ်ဦးတစ်ယောက်မကျန် အသိအမှတ်ပြုပါသည်။
အခြေခံပညာကဏ္ဍ ကြေညာချက်များ
ပညာရေးဝန်ကြီးဌာနအသိအမှတ်ပြုထားသော ကြားကာလအခြေခံပညာကျောင်းများစာရင်းကို ဤလင့်တွင် ကြည့်ရှုနိုင်ပါသည်။
အခြေခံပညာအဆင့် အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန်
သင်ကြားမှုဗီဒီယိုပေါင်း (၃၃၀၀) ကျော် ဖန်တီးလွှင့်တင်ပေးထားသည့်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏
ကြားကာလပညာရေး MBEH Telegram Channels QR Code များ
အိမ်အိမ့်ရဲ့ လူကြီးမိဘပြည်သူများတို့ရေ … ဒီပုံလေးကို လက်ကမ်းစာရွက်လေးထုတ်ပြီး အိမ်အိမ့်ရဲ့ သူငယ်ချင်းလေးတွေ ချိတ်ဆက်လေ့လာသင်ယူလို့ရအောင် ဝိုင်းဝန်းဖြန့်ဝေ စီစဉ်ကူညီပေးကြဦးနော် …
အင်တာနက်ရနေသေးတဲ့ ပြည်သူတွေက မီးလာတဲ့အချိန် ဒေါင်းလုပ်ကူဆွဲပေးပြီး ဗီဒီယိုတွေကို အချင်းချင်း Zapya, Bluetooth နဲ့ Offline ပြန်ဖလှယ်ပေးတာမျိုး၊ USB, OTG Stick, CD စတာတွေနဲ့ကူးပြီး ပြည်သူတွေအချင်းချင်း ဖြန့်ဝေကူညီပေးကြရင်းနဲ့ …
“ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အင်အားနဲ့ ကိုယ်တိုင်ဝိုင်းကူ အတူတူတည်ဆောက်ပေးကြဖို့” အိမ်အိမ်က တောင်းဆိုတိုက်တွန်းအပ်ပါတယ် …
ဒီသင်ကြားမှုဗီဒီယိုလေးတွေအားလုံးက ပြည့်သူ့ဘက်တော်သား ဆရာ/မများက သူငယ်ချင်းလေးတို့တွေ အိမ်မှာနေရင်း ကိုယ်တိုင်သင်ယူလို့ရအောင် အခက်အခဲပေါင်းများစွာကြားထဲက ပြေးလွှားရှောင်တိန်းနေရရင်း ကိုယ်တိုင်ကြိုးစားသင်ကြားပြီဂ အရည်အသွေးအဆင့်ဆင့် သေချာစိစစ်ဖန်တီး ပေးထားကြတာ ဖြစ်ပါတယ် …
“ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံး လက်တွဲညီ တည်ဆောက်ကြမည်”
“ပညာရေးသည် နိုင်ငံ့အရေးဖြစ်သည်”
“ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ”
“ပြည်သူ့အရေးတော်ပုံ အောင်ရမည်”
၆ ဧပြီ ၂၀၂၂

ရည်ရွယ်ချက်များ
၁
မိဘပြည်သူ အများစုသည် စစ်ကောင်စီမှ ပေးသော ပညာရေးကို သပိတ်မှောက်ကာ မိမိတို့၏ သားသမီးများကို ကျောင်းမအပ်နှံရန် ဆုံးဖြတ်ခဲ့ကြသောကြောင့်လည်းကောင်း၊ ကိုဗစ်ကူးစက်ရောဂါ အန္တရာယ်ကြောင့် လည်းကောင်း၊ ကျောင်းများတွင် တပ်စွဲထားမှုများ၊ မီးရှို့ဖေါက်ခွဲ အကြမ်းဖက်မှုများကြောင့်လည်းကောင်း အခြေခံပညာ ကလေးများ ကျောင်းသွား၍ စာသင်ကြားနိုင်ရန် လုံခြုံမှုမရှိသော အခြေအနေတွင် မိမိတို့၏ အိမ်၊ ရပ်ရွာထဲတွင်နေထိုင်ကာ ပညာကို ဆက်လက်လေ့လာနိုင်ရန်
၂
မိဘများ၊ ရပ်ရွာထဲမှ ဆရာ၊ ဆရာမ၊ လူကြီး၊ လူငယ်များ စုပေါင်းကြီးကြပ်မှု အောက်မှ သင်ခန်းစာများကို ကျောင်းသူ၊ ကျောင်းသားများ လွယ်ကူစွာ လေ့လာကြည့်ရှုနိုင်ကာ မိမိကိုယ်တိုင် အေးဆေးသက်သာစွာ သင်ယူလေ့လာနိုင်ရန်
၃
စာအလွတ်ကျက်ပြီး စာမေးပွဲဖြေဆိုရသည့် ပုံမှန်ကျောင်းတက်ရသော ပုံစံမဟုတ်ပဲ ကျောင်းသူ ကျောင်းသားများ၏ ရှာဖွေစူးစမ်းလိုမှုနှင့် ကိုယ်ပိုင် တီထွင်ဆန်းသစ်တွေးခေါ်နိုင်မှုကို အားပေးလှုံ့ဆော်ကာ မိမိကိုယ်တိုင်စိတ်ပါဝင်စားစွာ သင်ယူနိုင်ရန
အိမ်တွင်းသင်ကြားရေး ပုံစံ
Home-based Learning (online/offline) အစီအစဉ်
သင်ကြားရေးပလက်ဖောင်း (Learning Platform)
၁
သင်ကြားရေး ရုပ်သံဖိုင်များ၊ သင်ခန်းစာများ၊ ကို ပညာရေးဝန်ကြီးဌာန၏ Moodle ပလက်ဖောင်းပေါ်တွင် အခကြေးငွေ ပေးရန်မလိုဘဲ လွယ်ကူစွာ ဝင်ရောက် ကြည့်ရှုနိုင်၊ ကူးယူနိုင်၊ လေ့လာနိုင်မည် ဖြစ်သည်။ (Moodle အသုံးပြုနည်းကိုလည်း သင်ပြပေးပါမည်။) ထိုသင်ခန်းစာ ရုပ်သံဖိုင်များကို Moodle သို့ ဝင်ရောက်စရာ မလိုဘဲ အတန်းလိုက် ဖေ့ဘုတ် စာမျက်နှာများမှလည်း လွယ်လွယ်ကူကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
၂
သင်ကြားရေး ရုပ်သံဖိုင်များ၊ သင်ခန်းစာများ ပါဝင်သော package file များကို အင်တာနက် မရရှိသော ဒေသများသို့ file transfer ပုံစံဖြင့် ကူးယူ ဖြန့်ချီပေးနိုင်မည် ဖြစ်ပါသည်။ အင်တာနက်မရရှိသော ဒေသများသို့ Offline ပုံစံဖြင့် ရေဒီယို အစီအစဉ်များ၊ ဒီဗီဒီအခွေများ၊ မမ်မိုရီစတစ်များ၊ ဖုန်းနှင့် တက်ဘလက် အပလီကေးရှင်း apk file၊ ပုံနှိပ်စာအုပ် စသည် ပုံစံအမျိုးမျိုးဖြင့် ကျောင်းသားပြည်သူလက်သို့ ရောက်ရှိရန်အတွက် စီစဉ်ဆောင်ရွက်နေပါသည်။
၃
အင်္ဂလိပ်စာ၊ သင်္ချာနှင့် သိပ္ပံဘာသာရပ်များ အတွက် နည်းပညာ အထောက်အကူပြု မိုဘိုင်းအပလီကေးရှင်း မှတစ်ဆင့် လေ့လာသင်ယူနိုင်ရန် ဆောင်ရွက်ထားရှိပါမည်။ သင်ခန်းစာ မေးခွန်းများနှင့် assignment များကို လွယ်ကူစွာဖြင့် လေ့လာဖြေဆိုနိုင်မည် ဖြစ်ပါသည်။
၄
အချို့သော လိုအပ်သည့် သင်ခန်းစာများနှင့် လေ့လာမှုများအတွက် Zoom Platform ဖြင့် ထောက်ကူ သင်ကြားပေးနိုင်ရန် စီစဉ်ထားရှိပြီး အဆိုပါသင်ကြားမှုများကိုလည်း အင်တာနက်မရရှိရာဒေသများနှင့် အင်တာနက်သုံးစွဲရန်ခက်ခဲသူများအတွက်လည်း Offline အနေဖြင့် လေ့လာသင်ယူနိုင်စေရန် စီစဉ်ဆောင်ရွက်ပေး သွားမည် ဖြစ်ပါသည်။
သင်ရိုးနှင့်သင်ထောက်ကူများ
၅
အတန်း သင်ရိုးသစ်(KG , G1, G2, G3 , G4, G6 , G7, G10) နှင့် သင်ရိုးဟောင်း (G7, G9, G11 တက္ကသိုလ်ဝင်တန်း သင်ရိုးဟောင်း) များကို အိမ်တွင်းသင်ကြားရေးနှင့် လိုက်ဖက်မည့် ပုံစံအဖြစ် သင်ကြားရေး ရည်ရွယ်ချက်များ (learning goals) ပြည့်မီရေးကို အဓိကထားကာ ပြုလုပ်ထားသော သင်ခန်းစာများကို သင်ယူနိုင်မည်။ တစ်ရက်လျှင် ပျမ်းမျှ (၁) နာရီမှ (၃)နာရီခန့် အာရုံစိုက် လေ့လာသင်ယူနိုင်လျှင် လုံလောက်မှုရှိနိုင်ပြီး အဖန်ဖန်အထပ်ထပ်လေ့လာသင်ယူခြင်းဖြင့် ကျွမ်းကျင်ပိုင်နိုင်မှုပိုမိုရရှိစေမည် ဖြစ်ပါသည်။
၆
မိဘများအတွက် အိမ်တွင်း ပညာသင်ကြားရေးဆိုင်ရာနည်းနာများ၊ ကလေးစိတ်ပိုင်းဆိုင်ရာနည်းနာများ အစရှိသည့် ပညာပေးလမ်းညွှန်မှုများ၊ သင်ထောက်ကူပြု ပညာပေးအစီအစဉ်များကို Facebook Page မှတစ်ဆင့် ပြုလုပ်ပေးသွားမည်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းနိုင်ရန် စီစဉ်ဆောင်သွားမည် ဖြစ်ပါသည်၊။
၇
ကျောင်းသားလူငယ်များအတွက် ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးအတွက် နီတိအစီအစဉ်များ (Civics for Federal Democracy Revolution)၊ ကျင့်ဝတ်နှင့် လူ့အခွင့်ရေးဆိုင်ရာ ပညာပေး အစီအစဉ်များ၊ စာပေ၊ အနုပညာ၊ သိပ္ပံပညာဆိုင်ရာ အတွေးအခေါ်၊ အတွေးအမြင်များ လှုံ့ဆော်ပေးစေမည့် အစီအစဉ်များ ထည့်သွင်းထုတ်လွှင့် ပေးသွားမည် ဖြစ်ပါသည်။
၈
ဖက်ဒရယ်ဒီမိုကရေစီနှင့် လိုက်လျောညီထွေမှု မရှိသော သင်ရိုးသင်ခန်းစာများကို ချန်လှပ်ထားမည် ဖြစ်ပြီး သမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်ကာ ပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည် များကို ပြင်ဆင်ဖြည့်စွက်သွားမည် ဖြစ်ပါသည်။
၉
လက်ရှိကြားကာလပညာရေးတွင် ကျောင်းသားလူငယ်များ၏ စိက်ကူး၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် စွမ်းရည် မြင့်မားစေမှုတို့ကို ဦးစားပေးပြီး လေ့လာသင်ယူနိုင်ရန် ရည်ရွယ်ပါသည်။ ပုံမှန်ကျောင်းပညာရေး ပြန်လည်တက်ရောက် နိုင်ချိန်တွင် ကျောင်းသားလူငယ်များအတွက် လွယ်ကူရိုးရှင်းပြီး အလွတ်ကျက်ဖြေစနစ်မဟုတ်သော အတန်းတင်ခြင်း စနစ်ကို ဆက်လက်အသိပေးသွားမည် ဖြစ်ပါသည်။